Quality Controller မှတ်ပုံတင်ခြင်း

အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ (Quality Controller) မှတ်ပုံတင်ခြင်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်မည့်လုပ်ငန်းများအား လုပ်ငန်းအလိုက် အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများကို တတိယအဖွဲ့အစည်း (Third Party) များမှ စစ်ဆေးဆောင်ရွက်သွားနိုင်ရန် လုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင်များအနေဖြင့်အောက်ပါအတိုင်း မှတ်ပုံတင်ဆောင်ရွက်ရပါမည် –

  • ပုဂ္ဂလိက တစ်ဦးချင်းမှမိမိသက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အတွက် မှတ်ပုံတင်ခြင်း၊
  • အစုအဖွဲ့ ဖွဲ့စည်း၍ (သို့မဟုတ်) ကုမ္ပဏီမှ သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်များအတွက် မှတ်ပုံတင်ခြင်း။

မှတ်ပုံတင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း စုံစမ်း မှတ်ပုံတင်နိုင်ပါသည်။

မှတ်ပုံတင်ရာတွင် သတိပြုရန်အချက်များ

  1. Quality Control လုပ်ငန်းဆောင်ရွက်ရန်အတွက် ပညာရှင်တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ ကုမ္ပဏီအနေနှင့်သော်လည်းကောင်း မှတ်ပုံတင်နိုင်ပါသည်။
  2. Quality Control လုပ်ငန်းဆောင်ရွက်သူများအနေနှင့် မည်သည့် တင်ဒါကိုမှ ပါဝင်ယှဉ်ပြိုင်ခြင်း၊ မိမိမှ Quality Control လုပ်ငန်းဆောင်ရွက်ရန်လက်ခံထားသော ကုမ္ပဏီအား တင်ဒါတင်သွင်းခြင်းလုပ်ငန်းစဉ်တွင် အထောက်အပံ့ပြုခြင်းကို ခွင့်မပြုပါ။ (တစ်နည်းအားဖြင့် Quality Controller များသည် အဆိုပါလုပ်ငန်းအတွက် Qualified Professional အနေနှင့် လက်မှတ်ရေးထိုး တင်ဒါတင်သွင်းခြင်းကို ခွင့်မပြုပါ။)
  3. လုပ်ငန်းစိစစ်မည့် ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ လုပ်ငန်းများတွင် လုံလောက်သော ပညာအရည်အချင်းနှင့် အတွေ့အကြုံ ရှိရန်လိုအပ်ပါသည်။
  4. မှတ်ပုံတင်ရာတွင် ပညာအရည်အချင်းနှင့် ပတ်သက်သော အထောက်အထားစာရွက်စာတမ်းများကို ပူးတွဲတင်ပြရန်လိုအပ်ပြီး၊ အတွေ့အကြုံများကိုလည်း ပြည့်စုံစွာဖော်ပြရန်လိုအပ်ပါသည်။
  5. လုပ်ငန်းဆောင်ရွက်ရာတွင် ကြားနေတတိယအဖွဲ့အစည်း (Third Party) အနေနှင့် ဆောင်ရွက်ရမည် ဖြစ်ပါသောကြောင့် မိမိတို့၏ Professional နည်းပညာအတွင်းမှ စိစစ်ပြီး တာဝန်ခံရန် လိုအပ်ပါည်။
  6. မှတ်ပုံတင်ရန်တင်ပြသော စာရွက်စာတမ်းများ၊ အချက်အလက်များနှင့် အထောက်အထားများကို မှန်ကန်စွာတင်ပြရန်လိုအပ်ပြီး မမှန်မကန် တင်ပြကြောင်းတွေ့ရှိရပါက ဒဏ်ငွေပေးဆောင်စေမည့်အပြင် အမည်ပျက်စာရင်းသို့ ထည့်သွင်းအရေးယူ၍ တင်ဒါ Website တွင် ဖော်ပြခြင်းခံရနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
  7. ပညာအရည်အချင်းအား မမှန်မကန်တင်ပြကြောင်းစစ်ဆေးတွေ့ရှိပါက နိုင်ငံအတွင်းရှိ သက်ဆိုင်ရာတက္ကသိုလ်၊ ပညာရေးဌာနမှ တရားရုံးသို့ လိမ်လည်မှုဖြင့် တိုင်ကြား တရားစွဲဆိုခြင်းခံရမည်ဖြစ်ပါသည်။
  8. တစ်ဦးချင်းမှတ်ပုံတင်မှုများကို ထပ်မံသက်တမ်းတိုးရန်မလိုအပ်ပါ။ အစုအဖွဲ့အလိုက် (သို့မဟုတ်) ကုမ္ပဏီအဖြစ် မှတ်ပုံတင်ပါက အဓိကပညာရှင်များ အပြောင်းအလဲဖြစ်လျှင် အကြောင်းကြား ပြင်ဆင်ရန်ဖြစ်ပါသည်။
  9. ပညာရှင်များအနေနှင့် အစုအဖွဲ့ (သို့မဟုတ်) ကုမ္ပဏီမှ နှုတ်ထွက်ပြီးဖြစ်ပါက စာရေးသား အကြောင်းကြားရန်ဖြစ်ပြီး၊ နှုတ်ထွက်ခြင်းမပြုရသေးပါက တစ်စုံတစ်ခုသော အရေးယူမှုဖြစ်ပေါ်လာပါက ပူးတွဲ အရေးယူခံရနိုင်ကြောင်း သတိပေးအပ်ပါသည်။

မှတ်ပုံတင်ရန် လိုအပ်သော စာရွက်စာတမ်းနှင့် အချက်အလက်များ

Quality Control လုပ်ငန်းဆောင်ရွက်ရန်အတွက် ပညာရှင်တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ ကုမ္ပဏီအနေနှင့်သော်လည်းကောင်း မှတ်ပုံတင်နိုင်ပါသည်။ Quality Controller အဖြစ် မှတ်ပုံတင်ရာတွင် လိုအပ်မည့် စာရွက်စာတမ်းများနှင့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

ကုမ္ပဏီဖြစ်ပါက

  1. Quality Controller ကုမ္ပဏီ မှတ်ပုံတင်ပုံစံ (DOWNLOAD)
  2. ကုမ္ပဏီ မှတ်ပုံတင် မိတ္တူ
  3. Company Extract မိတ္တူ
  4. Company Profile
  5. Quality Control လုပ်ငန်းဆောင်ရွက်လိုသည့်လုပ်ငန်းများဖော်ပြချက်
  6. ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ အကျဉ်း (Track Record)
  7. သက်ဆိုင်ရာ ပညာရှင် အင်အား နှင့် ၄င်းတို့၏ပညာအရည်အချင်း လက်မှတ်များ
  8. အခြားရရှိခဲ့သော အသိအမှတ်ပြု စာရွက်စာတမ်းများ၊ ထောက်ခံစာများ

ပညာရှင်တစ်ဦးချင်းဖြစ်ပါက

  1. Quality Controller လူပုဂ္ဂိုလ် မှတ်ပုံတင်ပုံစံ (DOWNLOAD)
  2. နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ
  3. ကိုယ်ရေးရာဇဝင်အကျဉ်းနှင့် ပညာရပ်ဆိုင်ရာ ဖော်ပြချက်များ
  4. ပညာအရည်အချင်း လက်မှတ်များ
  5. Quality Control လုပ်ငန်းဆောင်ရွက်လိုသည့်လုပ်ငန်းများဖော်ပြချက်
  6. ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ အကျဉ်း (Track Record)
  7. အခြားရရှိခဲ့သော အသိအမှတ်ပြု စာရွက်စာတမ်းများ၊ ထောက်ခံစာများ

Quality Controller များမှတ်ပုံတင်ရာတွင် ‌အဆိုပြုသည့်လုပ်ငန်းအလိုက် စိစစ်ခြင်းကို ပြုလုပ်မည်ဖြစ်ပြီး လက်ရှိတွင် စိစစ်ကြေး ပေးရန်မလိုပါ။ မှတ်ပုံတင်ခြင်း မအောင်မြင်ပါက ထပ်မံပြင်ဆင်တင်ပြရမည်ဖြစ်သည်။