ရည်ရွယ်ချက်

တင်ဒါခေါ်ယူခြင်းစနစ်သစ်တွင် တင်ဒါတင်သွင်းသူ၊ တင်ဒါလုပ်ငန်းအောင်မြင်သူများသာမက ကြားနေ အဖွဲ့အစည်းများဖြစ်သော အရည်အသွေးစစ်ဆေးရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ အခန်းကဏ္ဍ အသီးသီးတို့ကို မြှင့်တင်ပေးသွားမည်ဖြစ်ပြီး အပြန်အလှန် ထိန်းကျောင်းတာဝန်ယူခြင်း စနစ်အား တည်ဆောက်သွားမည် ဖြစ်ပါသည်။

တင်ဒါစနစ်သစ်တွင် ကုမ္ပဏီများအနေနှင့် မိမိတို့၏ကျွမ်းကျင်မှု လုပ်ငန်းအလိုက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ ထံတွင် ကနဦးမှတ်ပုံတင်ရန်လိုအပ်ပါမည်။ တင်ဒါခေါ်ယူရာတွင် ကျွမ်းကျင်မှု လုပ်ငန်းအလိုက် စိစစ်ပြီးသော ကုမ္ပဏီများကိုသာ နောင်အခါတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှခေါ်ယူမည့် တင်ဒါများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပါသည်။ ကုမ္ပဏီများ တင်ဒါတင်သွင်းရန် (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ Supplier / Contractor များအဖြစ်) မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် သတ်မှတ်ချက် စည်းကမ်းများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

ထို့အတူ အရည်အသွေး စစ်ဆေးရေးအဖွဲ့များ၊ ကုမ္ပဏီများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ Quality Controller များအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုအလိုက် မှတ်ပုံတင်ရန်လိုအပ်ပါသည်။ အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ ပညာရှင်လူပုဂ္ဂိုလ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် သတ်မှတ်ချက် စည်းကမ်းများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များ အသီးသီးမှတ်ပုံတင်ခြင်းဖြင့် နောင်အခါတွင် ရှင်းလင်းလွယ်ကူသော တင်ဒါခေါ်ယူခြင်း၊ ယှဉ်ပြိုင်ခြင်း၊ တင်ဒါခေါ်ယူသည့် လုပ်ငန်းများအကောင်အထည်ဖော်ခြင်း၊ ပစ္စည်းတင်သွင်းခြင်း၊ လုပ်ငန်းစစ်ဆေးခြင်း၊ ပစ္စည်းအရည်အသွေးစစ်ဆေးခြင်းတို့ကို လွယ်ကူ ရှင်းလင်း လျင်မြန်စွာဆောင်ရွက်စေနိုင်၍ ပြီးစီးသောလုပ်ငန်းအတွက် ငွေပေးချေခြင်းကိစ္စရပ်များအား လျင်မြန်ချောမွေ့စေကာ မှန်ကန်စွာဆောင်ရွက်သည့် လုပ်ငန်းရှင်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပါသည်။ ထို့အတူ သက်ဆိုင်ရာ ပညာရှင်များ၏ ကဏ္ဍကို မြှင့်တင်ရန်နှင့် ဘဝတစ်သက်တာ လေ့လာဆည်းပူးမှုများကို အားပေးရန် ရည်ရွယ်ပါသည်။

သို့ဖြစ်ပါ၍ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွင် လုပ်ငန်းရှင်များနှင့် ပညာရှင်များမှ ပူးပေါင်းပါဝင်ရန် ကြိုတင်အသိပေးအပ်ပါသည်။