Qualified Professional များမှတ်ပုံတင်ခြင်း

Qualified Professional များမှတ်ပုံတင်ခြင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့်ခေါ်ယူသော တင်ဒါများတင်သွင်းရာတွင် တင်ဒါတင်သွင်းသည့် ကုမ္ပဏီမှ သက်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်ပညာရှင် (Qualified Professional) ၏ထောက်ခံချက် လိုအပ်ပါသည်။ ကုမ္ပဏီမှ သက်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်ပညာရှင်ကို မိမိတို့ကုမ္ပဏီအတွင်းမှသော်လည်းကောင်း၊ ပြင်ပမှငှားရမ်း၍သော်လည်းကောင်း တင်ဒါတင်သွင်းစဉ်တွင် စိစစ်အတည်ပြု လက်မှတ်ရေးထိုးစေရန်ဖြစ်ပါသည်။

မှတ်ပုံတင်ရာတွင် သတိပြုရန်အချက်များ

သက်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်ပညာရှင် (QP) က ကြိုတင်စိစစ်ပြီးသော တင်ဒါတင်သွင်းခြင်းကိုသာ လက်ခံမည်ဖြစ်ပါသည်။ တာဝန်ယူမှု တာဝန်ခံမှု ရှိသော စနစ်တစ်ခုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသောကြောင့် သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင် Qualified Professional အဖြစ် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ထိုသို့မှတ်ပုံတင်ရာတွင် သတိပြုရမည့် အချက်များကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည် –

  1. သက်ဆိုင်ရာလုပ်ငန်းများအတွက် လုပ်ငန်းကျွမ်းကျင်ပညာရှင် (QP) အဖြစ် ပညာရှင်တစ်ဦးချင်းမှ လိုအပ်သည့်စာရွက်စာတမ်းများနှင့်အတူ မှတ်ပုံတင်ရန်ဖြစ်ပါသည်။
  2. ကုမ္ပဏီမှတင်ဒါတင်သွင်းခြင်းလုပ်ငန်းစဉ်တွင် Qualified Professionalက ကြိုတင်စိစစ်ပြီး လက်မှတ်ရေးထိုးထားသော တင်ဒါကိုသာတင်သွင်းရန်ဖြစ်ပါသည်။ Qualified Professional၏ လက်မှတ်ရေးထိုးခြင်းမရှိသော တင်ဒါတင်သွင်းမှုများကို တင်ဒါယှဉ်ပြိုင်ခြင်းမှ ပယ်ဖျက်မည်ဖြစ်ပါသည်။
  3. လုပ်ငန်းကျွမ်းကျင်ပညာရှင် (QP) များသည် သက်ဆိုင်ရာ လုပ်ငန်းများတွင် လုံလောက်သော ပညာအရည်အချင်းနှင့် အတွေ့အကြုံရှိရန် လိုအပ်ပါသည်။
  4. လုပ်ငန်းကျွမ်းကျင်ပညာရှင် (QP) အဖြစ် မှတ်ပုံတင်ရာတွင် ပညာအရည်အချင်းနှင့် ပတ်သက်သော အထောက်အထားစာရွက်စာတမ်းများကို ပူးတွဲတင်ပြရန်လိုအပ်ပြီး အတွေ့အကြုံများကိုလည်း ပြည့်စုံစွာဖော်ပြရန် လိုအပ်ပါသည်။
  5. တင်ဒါအားကြိုတင်စိစစ်ရာတွင် Professional အနေနှင့် စိစစ်ပြီး တာဝန်ခံရန် လိုအပ်ပါမည်။
  6. တင်ပြသောစာရွက်စာတမ်းများကို မှန်ကန်စွာတင်ပြရန် လိုအပ်ပြီး မမှန်မကန်တင်ပြကြောင်း တွေ့ရှိရပါက ဒဏ်ငွေပေးဆောင်စေမည့်အပြင် အမည်ပျက်စာရင်းသို့ ထည့်သွင်း အရေးယူ၍ တင်ဒါ Website တွင် ဖော်ပြခြင်းခံရနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
  7. ပညာအရည်အချင်းအား မမှန်မကန်တင်ပြကြောင်းစစ်ဆေးတွေ့ရှိပါက နိုင်ငံအတွင်းရှိ သက်ဆိုင်ရာတက္ကသိုလ်၊ ပညာရေးဌာနမှ တရားရုံးသို့ လိမ်လည်မှုဖြင့် တိုင်ကြား တရားစွဲဆိုခြင်းခံရနိုင်ပါသည်။

မှတ်ပုံတင်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းနှင့်အချက်အလက်များ

Qualified Professional များအဖြစ် လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  1. Qualified Professional မှတ်ပုံတင်ပုံစံ (DOWNLOAD)
  2. နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ
  3. ကိုယ်ရေးရာဇဝင်အကျဉ်းနှင့် ပညာရပ်ဆိုင်ရာ ဖော်ပြချက်များ
  4. ပညာအရည်အချင်း လက်မှတ်များ
  5. ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ အကျဉ်း (Track Record)
  6. အခြားရရှိခဲ့သော အသိအမှတ်ပြု စာရွက်စာတမ်းများ၊ ထောက်ခံစာများ

Qualified Professional များ၏အမည်များကို တင်ဒါ Website တွင် ဖော်ပြသွားမည် ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီ၊ လုပ်ငန်းတွင် သင့်လျော်သော Qualified Professional မရှိပါက တင်ဒါ Website တွင် ဖော်ပြထားသော လွတ်လပ်သည့် ပညာရှင်များနှင့် ဆက်စပ် ငှားရမ်းဆောင်ရွက်ခြင်းကိုလည်းခွင့်ပြုမည်ဖြစ်ပြီး၊ တင်ဒါတင်သွင်းခြင်းနှင့်အတူ Qualified Professional ၏ထောက်ခံချက်ကိုပူးတွဲတင်ပြရန်လိုအပ်ပါသည်။

Qualified Professional အဖြစ်မှတ်ပုံတင်ရန်အတွက် လက်ရှိတွင် စိစစ်ကြေး ပေးရန်မလိုပါ။

Qualified Professional များခန့်အပ်ခြင်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ခေါ်ယူသော တင်ဒါများကိုတင်သွင်းရာတွင် Qualified Professional များခန့်အပ်ရန်လိုအပ်ပါသည်။ Qualified Professional များ၏အရည်အချင်းသတ်မှတ်ချက်များကို ယခုအခါတွင် သီးခြားပြဌာန်းခြင်းမရှိပါသော်လည်း နောင်အခါတွင် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအလိုက် အရည်အချင်းသတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အခြေခံအားဖြင့် Qualified Professional များအနေနှင့် သက်ဆိုင်ရာလုပ်ငန်းတွင် အနည်းဆုံး (၅) နှစ် အတွေ့အကြုံရှိသင့်ပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အများပါဝင်နိုင်သည့် တင်ဒါတင်သွင်းခြင်းစနစ်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ဖေါ်ဆောင်လျှက်ရှိကြောင်း အသိပေးအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ခေါ်ယူသော တင်ဒါများကိုစိစစ်ရာတွင် အစိုးရအဖွဲ့၊ တင်ဒါခေါ်ယူသောဌာန၊ တင်ဒါစိစစ်ရေးအဖွဲ့၊ တင်ဒါတင်သွင်းသော အဖွဲ့ စသည်ဖြင့် အသီးသီးတာဝန်ယူမှု တာဝန်ခံမှု ရှိသော စနစ်တစ်ခုပေါ်ပေါက်လာစေရန် တင်ဒါတင်သွင်းရာတွင် ဤ Qualified Professional မှ တာဝန်ယူ တင်သွင်းသော စနစ်သစ်ကို စတင်ကျင့်သုံးခြင်းဖြစ်ပါသည်။

တင်ဒါစိစစ်ရာတွင် နည်းပညာဆိုင်ရာ ရှင်းလင်းဖြေဆိုခြင်းများကို Qualified Professional မှ မပျက်မကွက် ကိုယ်တိုင်လာရောက် ဖြေဆိုရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများအနေနှင့် မိမိတို့တင်သွင်းသည့် တင်ဒါနှင့် ကိုက်ညီမည့် အတွေ့အကြုံရှိသော Qualified Professional များအား စိစစ် လက်မှတ်ရေးထိုးစေရန် တိုက်တွန်းအပ်ပါသည်။